Thursday, April 26, 2012

အရပ်ကောင်းမှာတော့ ဇာတ်ကောင်းကောင်း က မှာပေါ့

အော်လံ
တစ်လမ်းလုံး၊ တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံး စသည်ဖြင့် လူနည်းစုသာမက လူအများ ထင်ထင်ရှားရှား သိစေ ကြားစေခြင်းငှာ အသုံးပြုရတဲ့ အသံချဲ့ပေးတဲ့ စက်ကို အော်လံ ။
အော်လံကို လော်စပီကာ(Loud Speaker) လို့လည်း ခေါ်ကြသလို ဗမာမှုပြုရင်းနဲ့
ဗမာ့ဗန်းစကားထဲ ရောက်ပြီး လော်ကြီး လို့လည်း သိထားကြတယ်မဟုတ်လား။
ကျယ်ကျယ်ပြန့်ပြန့် သိစေလို ကြားစေလိုတဲ့ စေတနာနဲ့ အော်လံ လွှင့်ပြီး အသံကုန်ဟစ်တာတောင်မှ ပမာဒ လေခပြီး မကြားလိုက်တဲ့သူတွေရှိသလို…
အနားနား ကပ်အော်နေတာတောင် တစ်ခုခုအပေါ် အာရုံညွတ်နေလို့ မကြားလိုက်တာလည်း
ဖြစ်နိုင်တာမျိုးပါ။ (အကြားအာရုံ ချို့တဲ့တာတော့ ခြွင်းချက်ပေါ့)
×××××
ပန်းဒကာ
ဘာလဲဗျ ပန်းဒကာ…
ပန်းဒကာ ဆိုတာ ဘယ်လိုပုဂ္ဂိုလ်ကို ခေါ်တာတုန်း။ ပန်းဒကာရဲ့ အလုပ်က ဘာလုပ်ရတာလဲဗျ။
အထက်အညာမှာ ပန်းဒကာကိုတင်မြင့်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ရှိတယ်။ နယ်ကအလည်လာတဲ့ ဧည့်သည်က ပန်းဒကာ ဆိုတဲ့ ဝေါဟာရကို နားမလည်ဘူးဖြစ်နေတယ်။ ဒါနဲ့ အဲဒီဧည့်သည်ရဲ့ အိမ်ရှင်က ကိုတင်မြင့်ဆီ ခေါ်သွားပြီး မိတ်ဆက်ပေးတယ်။ ကိုတင်မြင့်ကလည်း သူ့နာမည်ရှေ့က ဘွဲ့(ပန်းဒကာ) ဆိုတာကို နှုတ်ကနေ ရှင်းပြမနေတော့ဘူး။
လာမယ့် ဥပုသ်နေ့ ဘုန်းကြီးကျောင်းကို သီလယူရင်း ကြွခဲ့ဗျာ လို့ပဲ ဖိတ်လိုက်တယ်။
ဧည့်သည်က ဥပုသ်နေ့မှာ ၀ီရိယရှိရှိနဲ့ ဘုန်းကြီးကျောင်းက ဓမ္မသာလာကို ရောက်လာတယ်။
သီလယူပြီး ဥပုသ်ဆောက်တည်ဖို့ထက် ကိုတင်မြင့် ရှင်းပြမယ့် ပန်းဒကာဆိုတဲ့ အဓိပ္ပာယ်ကို သိလိုစိတ်က ပိုပြင်းပြနေတယ်။ ဧည့်သည် ရှေ့ဆုံးနား မကျတကျမှာ ပုဆစ်တုပ်လေးထိုင်နေတယ်။
ဥပုသ်သည်များ စုံစုံညီညီနေရာယူပြီးလို့ ဆရာတော်ဆီက သီလယူဖို့ အချိန်ကျလာပြီ။
တိုက်ပုံအင်္ကျီ၊ ကွက်တုံးပုဆိုးနဲ့ ပန်းဒကာကိုတင်မြင့် အဟမ်းကနဲ လည်ချောင်းရှင်းလိုက်တယ်။
ဓမ္မမိတ်ဆွေ… သပ္ပုရိသနွယ်ဝင် သူတော်စင်အပေါင်းတို့ ခင်ဗျား.. ဘုရားအမှူးရှိသော သံဃာတော်အပေါင်းတို့အား ကံသုံးပါးဖြင့် ပူဇ၀န္တ ပဏာမကုသိုလ် …..×..×..×
အစချီလို့…ရှေးဦးစွာ.. သြကာသ ဘုရားကန်တော့ဖို့ အင်မတန်အောင်မြင်တဲ့
အသံဝါကြီးနဲ့ ဆော်သြလိုက်ပါတယ်။
ဧည့်သည်ကတော့ အခုချိန်ထိ ပန်းဒကာဆိုတာ ဘာမှန်း မသိသေးရှာပါဘူး။
ဒီလိုနဲ့ သီလပေး သီလယူ အာမဘန္တေ ခံပြီး ဥပုသ်သည်များ ငြိမ်သက်ကြည်ညိုခိုက်မှာ
ပန်းဒကာက ဥပုသ်သည်များ ယူဆောင်လှူဒါန်းကြတဲ့ လှူဖွယ်အသီးသီးကို ဆရာတော်ထံ ပရိသတ်များကိုယ်စား ကပ်လှူလိုက်ပါတယ်။
ဧည့်သည်ကတော့ အခုချိန်ထိ ပန်းဒကာဆိုတာ ဘာမှန်း မသိသေးရှာပါဘူး။
ဆွမ်း၊ ဆွမ်းဟင်း၊ အလင်းတိုင်၊ အမွှေးတိုင်၊ အချိုပွဲစတဲ့ လှူဖွယ်တွေ စတိကပ်ပြီးတော့
ပန်းဒကာကပဲ ဒါယကာ၊ ဒါယိကာမတွေ စုပေါင်းလှူဒါန်းကြတဲ့ ပန်းတွေစုထည့်ထားတဲ့ ဗန်းအကြီးကြီးကို မ တင်လိုက်ပါတယ်။ ဆရာတော်ကို ကပ်ဖို့အတွက်ပါ။
ဖြစ်ချင်တော့…
ဝါးနှီးဗန်းရဲ့ အစွန်းထွက်နေတဲ့ နှီးစအချွန်က ပန်းဒကာကိုတင်မြင့်ရဲ့ ကွက်တုံးပုဆိုး အောက်အနားစကို ချိတ်မိပြီး ထိုင်ရာက ထလိုက်တဲ့ ပန်းဒကာနဲ့အတူ မြောက်ပါ သွားပါသတဲ့။
ရုတ်တရက်တော့ ကျောပေးထားတဲ့ ပရိသတ်က သတိမထားမိကြဘူး။ ဆရာတော်ကတော့ သူ့ဘက်လှည့်ပြီး ပန်းကပ်တဲ့ ဒကာရဲ့ မတော်တဆဖြစ်ပုံကို သိလိုက်တော့ အချိန်မီ မျက်ရိပ်ပြ သတိပေးတော်မူပါရဲ့။
ဒါပေမယ့် ကိုတင်မြင့်ကတော့ သူ့အဖြစ်သူ သတိမထားမိရှာဘူး။
ဒီလောက်နဲ့ ပြီးမသွားဘူး၊ ခါတိုင်းလို ပန်းထည့်ထားတဲ့ဗန်းကို အောက်မချသေးဘဲနဲ့..
ပန်းဒကာဆိုတာ ဘာလဲလို့သိချင်နေတဲ့ ဧည့်သည် ရှိရာ ပရိသတ်ဘက်ကို ချာကနဲလှည့်တဲ့ပြီး
ဗန်းကို မြှောက်လျက်က… (ပန်းဒကာ ဆိုတာ ဒါကို ခေါ်တာခင်ဗျ) လို့ ဧည့်သည်ကို ရည်ရွယ်ပြီး ပြောလိုက်သတဲ့။
ပြောချင်တာနဲ့ သိချင်တာကြားမှာ ဖြစ်ရတဲ့ မတော်တဆမှုလေးပါပဲ။
×××××
သေဒဏ်မှသည်…
ဟိုးတစ်ခေတ်က အနောက်တိုင်းပြည်တစ်ပြည်က လူတစ်ဦးဟာ သေဒဏ်ထိုက်လောက်တဲ့
ရာဇ၀တ်မှုကြီးနဲ့ တရားရုံးမှာ အမိန့်ခံဖို့ စောင့်ဆိုင်းနေရသတဲ့။
သူ့အပြစ်သူလည်း သိတယ်။ မကြာခင် ချမှတ်မယ့် အမိန့်ဟာ သေဒဏ်(ကြိုးပေးကွပ်မျက်ခြင်း)မှ တစ်ပါး တခြားမဖြစ်နိုင်တော့ဘူးဆိုတာကို။
တရားသူကြီးကလည်း အဖန်တလဲလဲ နာကြားပြီးနောက် အမိန့်ချလိုက်ပါတယ်။
Hang him, not let him. (ကြိုးကွင်းစွပ်၍ သတ်စေ၊ မည်သို့မျှ မလွတ်စေရ။)
ဒါ အမိန့်ပါပဲ။ အဲဒီတရားသူကြီးအမိန့်က တိကျပါတယ်။ စောဒက တက်စရာမရှိပါဘူး။
ဒါကြောင့် အမိန့်က မှန်တယ်။ အာဏာစက် ပြင်းတယ်။ တစ်ခွန်းတည်း… တစ်ကြောင်းတည်းပါ။
ဒါပေမယ့် သတိမပြုမိတဲ့ အမှားလေးတစ်ခု ပါသွားတယ်။ တကယ်တမ်း တရားသူကြီး ရေးမိတဲ့ အမိန့်စာတမ်းက…
Hang him not, let him. (ကြိုးကွင်းစွပ်၍ မသတ်ရ၊ လွတ်စေ။)
ဖြစ်ပါတယ်။ စာလုံးတစ်ခုမှ မမှားပါဘူး။ (,)ကော်မာ လေး နေရာ အထားလွဲသွားတာပါ။
အဓိပ္ပာယ်ကတော့ လုံးဝဆန့်ကျင်သွားပြီး အမိန့်အရ လူဆိုးကြီး လွတ်မြောက်သွားပါသတဲ့။
×××××
မြင်းခွာ…
ကြားဖူးကြမှာပါ…
ရန်သူတွေ လာနေပြီဆိုတဲ့အကြောင်း ကိုယ့်စစ်တပ်ကို အမြန်ဆုံးသတင်းပို့ဖို့ ကင်းထောက်ရဲမက်ရဲ့ အရေးအကြီးဆုံးတာဝန်ပါပဲ။
ဒီသတင်းပို့ဖို့ ရဲမက်က အပြေးသန်တဲ့ မြင်းစီးပြီး ဒုန်းစိုင်းလာခဲ့တယ်။
မြင်းက အပြေးသန်တဲ့ မြင်းကောင်းတစ်စီးပါ။
မြင်းကို ထိန်းသတဲ့ မြင်းထိန်းပန်းပဲဆရာက မြင်းခွာလေးဖက်မှာ တစ်ဖက်ကို သံရိုက်ဖို့ မေ့ကျန်ခဲ့တယ်။ အဲဒီမြင်းကို သူစီးလာတာပေါ့။
ခါတိုင်း ဒီလမ်းဒီခရီးကို ဒီလိုမြင်းစီးလာရင် ဒီအချိန်ရောက်မယ်ဆိုတာ ကင်းထောက်ရဲမက်လည်း သိပါတယ်။
ဒါပေမယ့် မြင်းခွာတစ်ဖက်မကောင်းလို့ ဘယ်လောက်ရိုက်ရိုက် မြင်းက မပြေးနိုင်တော့ဘူး။
သတင်းပို့ချိန် နောက်ကျသွားရတယ်။ စစ်အချိန်မီ ပြင်ဆင်ချိန်နည်းလွန်းတာကြောင့် အဆုံးသတ်မှာ စစ်ပွဲရှုံးနိမ့်ခဲ့ရတယ်။ ထောင်ပေါင်းများစွာသော စစ်သည်တို့ ကျဆုံးသွားခဲ့တယ်။
မြင်းခွာလေးတစ်ဖက် သံရိုက်ဖို့ မေ့ခဲ့တာလောက်နဲ့ သမိုင်းစာမျက်နှာမှာ
ကိုယ့်အလံ ရိုက်ချိုးခံလိုက်ရတာ။
×××××
ကျွန်တော်….
နာမ သမုတ် အကျွန်ုပ်သည်….ဆိုတာကပဲ အစချီရမလား၊
အွန်လိုင်းသုံးရင်းနဲ့ လူမှုရေး၊ သုတ၊ ရသ၊ နည်းပညာ၊ ခံစားမှု၊ အရည်မရအဖတ်မရ… အစုံ အစုံ လေ့လာရတဲ့ အင်တာနက် မျက်နှာစာတွေမှာ…
တစ်နည်းအားဖြင့် လောကီနယ်ပယ်မှာ ကရွတ်ခွေပေါ် လျှောက်တဲ့ ကင်းမြီးကောက်လို…
လုံးချာလည်နေကြတယ်။
ဖတ်မိတဲ့ အားလုံးအတွက်၊ ကြားသိတဲ့အားလုံးအတွက်… အကျိုးရှိတဲ့ ပို့စ်တွေ၊ အင်အားဖြည့်ပေးတဲ့ ဘလော့ခ်တွေ၊ ပညာဗဟုသုတနဲ့ လေ့လာမှတ်သားစရာတွေ၊ ဒါမှမဟုတ် အပန်းပြေစရာ ဟာဒယနှလုံး ပြုံးရယ်စေတဲ့ ဟာသအနုပညာတွေ နည်းနေသေးတယ်လို့ ထင်ပါတယ်။
ဆိုဒ်တွေ အရှာကောင်းလို့ဖြစ်ဖြစ်… မိတ်ဆွေကောင်းလို့ဖြစ်ဖြစ်… ရေစက်ရှိလို့ဖြစ်ဖြစ်…
ဒီလိုနေရာမျိုးမှာ ဆုံကြဦးမှာပါပဲ။ အနှစ်သာရ ရှိလွန်းလို့၊ ဖတ်ရတာ အားရှိလွန်းလို့၊ အကျိုးပြုလွန်းလို့ ဆိုတဲ့ ကောင်းသတင်းတွေနဲ့ ပန်းသတင်း လေညင်းဆောင်သလို ကြီးထွား ကျယ်ပြန့် ခိုင်မာ အဓွန့်ရှည်မှာကိုလည်း ယုံကြည်မိပါတယ်။ ဒါဟာ တစ်နည်းအားဖြင့်
ကောင်းနိုးရာရာလေးတွေကို စုစည်းတင်ပြပေးနေတာဖြစ်လို့ လော်စပီကာနဲ့ အော်တာထက် ပိုထိရောက်ပြီး ပျံ့နှံ့စိမ့်ဝင်ထိုးဖောက်နိုင်မှု တစ်ရပ်ပဲ မဟုတ်ပါလား။
ဒီဆိုဒ်ကို ပျင်းလို့ဖြစ်ဖြစ်၊ စိတ်ဝင်စားလို့ဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုနဲ့ ရောက်လာသူတွေထဲမှာ…
ပန်းဒကာ ဆိုတာ ဘာလဲ မသိ…၊ ပန်းဖိုးစိုက်ပြီး ၀ယ်ပေးတဲ့ ဒကာကိုပြောတာလား ဆိုတဲ့ မိတ်ဆွေတွေ၊ လူငယ် လူရွယ်တွေ၊ တက်သစ် ညီငယ် ညီမငယ်များစွာလည်း ရှိနေကြ၊ ရှိလာကြဦးမှာပါ။
တတ်သိနားလည်မှု၊ ၀မ်းစာပြည့်ဝမှု၊ ၀ါသမ္ဘာ၊ လေ့လာစွမ်းအား၊ ကိုးကားစွမ်းရည်မြင့်မားမှု…
စတဲ့ အရည်အချင်း အရည်အသွေး အံ့မခန်း ကလောင်ရှင်များကိုလည်း ၀မ်းမြောက်စရာ တွေ့ရှိလေ့လာမိပါတယ်။ တချို့ကျတော့ ကြိုးစားရေးသားထားပေမယ့်
တရားသူကြီးအမိန့်စာ ဖတ်လိုက်ရသလို အဓိပ္ပာယ်အရသာမျိုး တွေ့ရပါတယ်။
ပို့စ်တစ်ခုမှာ အရေးအသား ပြေပြစ်ညက်ညောမှုက သိပ်ပြီး ပဓာနမကျလှပါဘူး။
ရည်ရွယ်တာဘာလဲ၊ ပေးသိစေချင်တာဘာလဲ ဆိုတဲ့ စေတနာကသာ အဓိကပါ။
တစ်ချိန်လုံး လွမ်းဆွေးပြ၊ ချစ်ပြ၊ ရင်ခုန်ပြနေတယ်ဆိုရင်တော့ ပို့စ်ကို တစ်စိုက်မတ်မတ်ဖတ်ရင်းနဲ့ အော်... ရခဲလှတဲ့ ဘ၀မှာ ရင်ခုန်တတ်ခြင်းသာ အရေးအကြီးဆုံးပါလား၊ ချစ်တာကသာ လူ့ရည်မှန်းချက်ပါလား... အင်း လင်ယူသားမွေး အားကိုးလေးရှာဖို့ အချိန်တန်ပြီပဲ...
စိတ်ကူးယဉ် အိပ်မက်တွေမက်ဖို့ တစ်ထစ်ချင်း အရှိန်တက်လာလို့ကတော့ မြင်းခွာတစ်ဖက် သံရိုက်ဖို့မေ့သလို မျောပါကျရှုံးသွားဖို့ ရာနှုန်းများနေပါပြီ။
သို့ပေမယ့်လည်း
ရေးဖွဲ့သီကုံးသူ ဒီလိုတွေးမိသလို..
ဖတ်ရှုမှတ်သားသူတွေ ဒီလိုတွေးကြတဲ့၊ ကွန်မန့်ပေးကြတဲ့၊ Like ကြတဲ့ အသိုက်အ၀န်းမှာတော့...
ဝှတ် ထ အစ် ထ သစ် စ အမောင်ကျောင်းသား…
သစ် စ အစ် စ အေ ဘုတ် ခ ပါ ဘုရား…
အိမ်း… ဂွတ် ထ ဂွတ် ထ…။

မေတ္တာဖြင့်

ကိုမိုး

No comments:

Post a Comment