Monday, August 20, 2012

အိမ်ထောင်ကွာရှင်း ပြတ်စဲပြီးချိန်တွင် ဘဝကို အသစ်ပြန်လည် တည်ဆောက် နိုင်စေရန်


လင်နဲ့မယား ကွာရှင်း ပြတ်စဲကြောင်း စာရွက်ပေါ် လက်မှတ် ထိုးပြီးချိန်မှာ အနှစ်နှစ် အလလ တည်ဆောက်ထားခဲ့တဲ့ အိမ်ထောင်ရေးက ပြိုကွဲသွားပါပြီ။  အိမ်ထောင်ရေး ပြိုကွဲသွားသူတွေရဲ့ ဇာတ်လမ်းတွေကတော့ မတူကွဲပြား နေနိုင်ပေမယ့် အိမ်ထောင်ရေး ပြိုကွဲမှုဟာ စိတ်ဖိစီးမှု အမြင့်ဆုံးဖြစ်စေတဲ့ အကြောင်းအရာထဲမှာ ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ ၃၁ ရက်နေ့က အဆိုတော် လူငယ်လေးတစ်ဦး အိမ်ထောင်ရေး ပြတ်စဲသွားတဲ့အကြောင်းကို သတင်းစာထဲမှာ တရားဝင် ဖော်ပြထားတာ တွေ့လိုက်ရပါတယ်။
ဒီလို ကွာရှင်းပြတ်စဲမှုတွေက သားသမီးရှိတဲ့ လင်မယားကြားမှာရော၊ သားသမီးမရှိတဲ့ လင်မယားကြားမှာပါ ဖြစ်ပေါ်တတ်ပေမယ့် ဒီလို လင်ခန်း၊ မယားခန်း ပြတ်စဲပြီးချိန်မှာ စိတ်ဖိစီးမှု အကြီးအကျယ် ခံစားမနေရအောင် ကြိုးစားသင့်ပါတယ်။
ဒါကြောင့် အိမ်ထောင်ပြတ်စဲ ပြီးတဲ့အခါ အားအင်အပြည့်ရှိတဲ့ ဘဝသစ်မှာ ရပ်တည်နိုင်မယ့် အဆင့်ရှစ်ဆင့်ကို ရေးသားလိုက်ရပါတယ်။
အဆင့်(၁) ဝမ်းနည်းကြေကွဲလိုက်ပါ  
“တစ်နေ့မှာ ငါတို့နှစ်ယောက် ဒီလို လမ်းခွဲပြတ်စဲရမယ်ဆိုတာ သိနေတယ်” ဆိုပြီး ဘယ်သူမှတော့ တွေးထင်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကြိုတင် မျှော်လင့်မထားတဲ့ အဖြစ်အပျက်တစ်ခု ကြုံရချိန်မှာ ဆုံးရှုံးမှုတစ်ခုအဖြစ် ဝမ်းနည်း ကြေကွဲရတတ်ပါတယ်။ ဒါကို မျိုသိပ်ခံ စားမနေပါနဲ့။ ဆုံးရှုံးမှုဖြစ်သွားချိန်မှာ လွတ်သွားတဲ့ ကွက်လပ်အတွက် ကြေကွဲဝမ်းနည်းလိုက်ပါ။
ငိုချင်ရင် ငိုချလိုက်ပါ။ သင့်အိမ်ထောင်ရေး အဆင်မပြေမှုနဲ့ ပတ်သက်ပြီး သင်လုပ်ခဲ့တဲ့ အမှားအတွက် နောင်တရကောင်း ရနေနိုင်ပါတယ်။ ဒီအကြောင်းတွေကို လုံးဝမေ့ပစ်ဖို့ ဆိုတာ လွယ်မှာ မဟုတ်တဲ့အတွက် သင့်ရင်ထဲက နေရာတစ်နေရာမှာ ထည့်သိမ်းထားလိုက်ပါ။
အဆင့်(၂) စိတ်သက်သာရာရစေမည့် နည်းလမ်းရှာပါ  
အိမ်ထောင်ဖက်နဲ့အတူ နေထိုင်တဲ့ ဘဝမျိုးကနေ ဘဝသစ်ကို ပြောင်းလဲချိန်မှာ စိတ်ဖိစီးမှုတွေပါတဲ့ အိတ်ကြီးကို ကျောပိုးပြီး မစတင်ပါနဲ့။ သင့်စိတ်ခံစားချက်ကို စိတ်ကျန်းမာရေး ပညာရှင်ထံ ပြောပြပြီး သက်သာအောင် ကုစားတာ ဒါမှမဟုတ် သင်နှစ်သက်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူလုပ်ရင်း စွမ်းအင်တိုးအောင် လုပ်ဆောင်ကြည့်လိုက်ပါ။ ဒါဆိုရင် စိတ်လက်ပေါ့ပါးမှု ရှိလာပြီး ဘဝကို အေးအေးချမ်းချမ်း ရင်ဆိုင်နိုင်စွမ်း ရှိလာပါလိမ့်မယ်။
အဆင့်(၃) ကိုယ့်ကိုယ်ကိုယ်သဘောကျစိတ်ဝင်အောင် ကြိုးစားပါ
အကြောင်းကြောင်းကြောင့် အိမ်ထောင်ရေး ပြတ်စဲလိုက်ရပြီးချိန်မှာ လူအများစုဟာ သိမ်ငယ်စိတ်နဲ့ အားငယ်စိတ်တွေ ဝင်လာတတ်ပါတယ်။ “သင့်အနေနဲ့ အိမ်ထောင်ရေးကို ကောင်းကောင်း မထိန်းချုပ်နိုင်လို့ တစ်ခုခု မှားနေပြီလားလို့ တွေးမိကောင်း တွေးမိနေနိုင်ပါတယ်” လို့ စိတ်ပညာရှင် အဲလ်ဘာတီက ဆိုပါတယ်။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လေးစားမှုတွေ တိုးလာစေဖို့ မိမိကိုယ်ပိုင် တန်ဖိုးကို ကိုယ်တိုင် အသိအမှတ် ပြုလာအောင် ကြိုးစားရပါတော့မယ်။ ဒါမှ အားငယ်စိတ်နဲ့ သိမ်ငယ်စိတ်တွေ ပပျောက်သွားမှာပါ။
အဆင့်(၄) တစ်ကိုယ်တည်းနေခဲ့စဉ်က ဘဝမျိုး ပြန်လည်ရှာဖွေပါ
သင့်အနေနဲ့ အိမ်ထောင်ကျခဲ့တဲ့ အချိန်အတောအတွင်း လူပျိုလူလွတ်လိုမျိုး ဒါမှမဟုတ် အပျိုလိုမျိုး လွတ်လွတ်လပ်လပ် မနေခဲ့ရတဲ့ အခိုက်အတန့်တွေ ရှိကောင်း ရှိခဲ့ပါလိမ့်မယ်။ ဥပမာပြောရရင် သင်က အပြင်မှာ သူငယ်ချင်းတွေနဲ့ မကြာခဏ တွေ့ဆုံချင်ပေမယ့် သင့်အိမ်သူက သဘောမကျလို့ အိမ်မြဲနေခဲ့ရတယ် ဆိုပါစို့။ အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေ ပြန်မေးကြည့်ပါ။ “အိမ်ထောင်မပြုခင်က ဘာကို ဝါသနာပါခဲ့သလဲ”၊ “အိမ်ထောင်ပြုလိုက်လို့ ဘာတွေကို လျစ်လျူရှုပစ်ခဲ့ရသလဲ”။ အဲဒီအထဲက ကောင်းတဲ့အချက်တွေ ဖြစ်ပြီး သင့်ဘဝကို ပိုတိုးတက်ကောင်းမွန်စေမယ့် အချက်တွေဆိုရင် ပြန်လည်လုပ်ဆောင်လိုက်ပါ။ ဥပမာ သင်ဝါသနာပါတဲ့ အရာက လေ့ကျင့်ခန်း လုပ်ရတာဆိုရင် အခုပဲ အားကစားခန်းမနဲ့ ဆက်သွယ်လိုက်ပါ။ လေ့ကျင့်ခန်းလုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာအောင် တည်ဆောက်နိုင်မယ့် အခြေခံအချက်တစ်ခု ဖြစ်ပါတယ်။
အဆင့်(၅) စိတ်သစ်လူသစ်ဖြစ်အောင် ပြုပြင်လိုက်ပါ
ဆံပင်ပုံစံအသစ် ပြောင်းတာ၊ ဘဝတိုးတက်မှုအတွက် သင်တန်းအသစ်တစ်ခု တက်တာနဲ့ မသွားဖူးတဲ့ အရပ်ဒေသကို ခရီးထွက်တာတို့ လုပ်ဆောင်လိုက်ပါ။ တကယ်လို့ အဆင်ပြေရင် တခြားမြို့ကို ပြောင်းရွှေ့နေထိုင်လိုက်ပါ။ ဒီလိုတွေ လုပ်နိုင်ဖို့ရာအတွက် (သင်တို့မှာ သားသမီးရှိခဲ့ပြီး သင်က အုပ်ထိန်းခွင့်ရခဲ့ရင်) ကလေးတွေ၊ လက်ရှိ အလုပ်အကိုင်နဲ့ ဘဏ္ဌာရေး အခြေအနေတွေကိုလည်း ထည့်စဉ်းစားဖို့ လိုပါသေးတယ်။ စိတ်သစ်လူသစ်ဖြစ်အောင် ပြုပြင်ပြောင်းလဲရာမှာ သင်လုပ်တဲ့ အပြောင်းအလဲက ကျန်းမာရေးအတွက် ကောင်းပြီး ဘဝ အခွင့်အလမ်း တိုးတက်မှု ရှိတယ်ဆိုရင် လုပ်သင့်ပါတယ်။ ဥပမာပြောရရင် အားလပ်ချိန်မှာ စေတနာ့ဝန်ထမ်း လုပ်တာမျိုးပါ။
အဆင့်(၆) တစ်ယောက်တည်းဖြစ်မှာ မစိုးရိမ်ပါနှင့်
 တစ်ယောက်တည်းဖြစ်တိုင်း အထီးကျန်တာ မဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင်မှာ လူတွေအများကြီး ရှိနေပါသေးတယ်။ ဒါဆိုရင် သင့်မှာ လူနေမှုဝင်ဆံ့ဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်။ သင့်မှာ မိတ်ဆွေအသစ်တွေ ရနိုင်ခြေများသလို သင်စိတ်ပါဝင်စားတဲ့ အရာတွေကို အတူမျှဝေ လုပ်ကိုင်မယ့် အဖော်မွန်တွေလည်း ရှိနေပါတယ်။ ဒီလို အခွင့်အလမ်းတွေက စောင့်ကြိုနေတာကြောင့် အဖော်မဲ့သွားပြီဆိုပြီး အထီးကျန် ဝမ်းနည်းနေဖို့ မလိုပါဘူး။
အဆင့်(၇) ချစ်ရမှာကို ကြောက်သွားပြီဆိုသော စိတ်မထားရှိပါနှင့်  
သင့်စိတ်ခံစားမှု သက်သောင့်သက်သာ ရှိသွားတဲ့အချိန်မှာ စိတ်တူကိုယ်တူ အဖော်မွန်မျိုး ထပ်တွေ့ခဲ့ရင် ချစ်သူအဖြစ် လက်တွဲကြည့်ဖို့ မတွန့်ဆုတ်ပါနဲ့။ တစ်ကြိမ်တစ်ခါ ရှုံးနိမ့်ခဲ့ဖူးတာနဲ့ပဲ နောက်တစ်ကြိမ် စာမေးပွဲခန်းထဲ မဝင်တော့ဘူး ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး မဟုတ်လား။ ဒါပေမဲ့ ဘေးကင်းစိတ်ချရမှု မရှိတဲ့ အပျော်အပါး လိုက်စားတာမျိုးကိုတော့ ရှောင်သင့်ပါတယ်။
အဆင့်(၈) အမှားကို သင်ခန်းစာယူပြီး ဘဝကို ထိန်းချုပ်နေထိုင်ပါ
အရင်က အိမ်မှုကိစ္စတွေမှာ သင့်အိမ်ထောင်ဖက်က တချို့ကိစ္စတွေကို စီမံကွပ်ကဲခဲ့ပြီး သင်ကလည်း တခြားအရာတွေကို တာဝန်ယူခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ အခုတော့ အဲဒီအရေးကိစ္စ အားလုံးကို သင်တစ်ယောက်တည်းပဲ စီမံထိန်းချုပ် ကွပ်ကဲရတော့မှာပါ။ သားသမီးတွေကို အုပ်ထိန်းခွင့်ရရှိခဲ့ရင် သားသမီးတွေရဲ့ အရေးကိစ္စအဖြာဖြာကို သင်တစ်ဦးတည်းပဲ စီမံရပါတော့မယ်။
အိမ်ထောင့်တာဝန် တစ်ခုလုံးကို ကိုင်တွယ် အုပ်ထိန်းနိုင်ဖို့ဆိုရင် သင့်ကိုယ်ပိုင် အစွမ်းအစအပေါ် ယုံကြည်မှု ထားရှိလိုက်ပါ။ အထူးသဖြင့် အရင်က အမှားတွေကို သင်ခန်းစာယူပါ။ သင်က ကားတစ်စီးကို ဈေးကြီးကြီးပေးပြီး ဝယ်တာ၊ သူငယ်ချင်းတွေနဲ့ သောက်စားမူးယစ်ပြီး အလုပ်မလုပ်ဘဲနေခဲ့တာ စတဲ့ အမှားတွေ ရှိခဲ့ရင် အဲဒီအမှားတွေကနေ သင်ခန်းစာယူပါ။ အမှားတွေကို သိနားလည်တာက  တစ်ဦးတည်း နေရချိန်မှာ ဘဝကို ဘယ်လိုကိုင်တွယ် ထိန်းချုပ်ရမလဲ ဆိုတာကို အလိုလို နားလည်သဘောပေါက် သွားစေပါတယ်။

No comments:

Post a Comment