Saturday, September 1, 2012

ကလေးများတွင် မကြာခဏ ကူးစက်ပိုးဝင်ခြင်း


ကိုယ်ခံ စွမ်းအားစနစ် ကောင်းကောင်း မဖွံ့ဖြိုးသေးဘဲ မွေးလာတဲ့ ကလေးတွေ   အထူးသဖြင့် ပေါင်မပြည့်၊ လမစေ့ ကလေးတွေဟာ တစ်လ-နှစ်လမှာ တစ်ကြိမ်ခန့် ပိုးဝင်ကူးစက်မှု ဖြစ်နိုင်ခြေများပါတယ်။ ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်ဟာ မွေးပြီးမကြာခင်မှာ စတင်ဖွံ့ဖြိုးလာပါတယ်။ တဖြည်းဖြည်း ကိုယ်ခံစွမ်းအားစနစ် ကောင်းလာတာကြောင့် ကူးစက်ပိုးဝင်နိုင်ခြေက အသက်ကြီးတာနဲ့ အမျှ လျော့ကျသွားပါတယ်။
တချို့ကလေးတွေက ဘာကြောင့်မကြာခဏ ပိုးဝင်နေရတာလဲ။
မကြာခဏ ပိုးဝင်တဲ့ ကလေးအများစုမှာ ပြင်းထန်တဲ့ ပြဿနာမရှိဘဲ ကျန်းကျန်းမာမာ အရွယ်ရောက်လာတတ်ပါတယ်။ ကျောင်းတက်တဲ့ အသက်အရွယ် ရောက်ချိန်မှာ ကူးစက်ပိုး ဝင်နိုင်ခြေက လျော့နည်းသွားပါလိမ့်မယ်။ ကလေးကို အိပ်ရေးဝဝ အိပ်စက်ခွင့်ပေးပြီး အာဟာရ ပြည့်ပြည့်ဝဝ စားသောက်ပါစေ။ အိပ်တာနဲ့ အာဟာရ ပြည့်ဝတာတွေက ကလေးအတွက် ဆေးတစ်လက်လို အသုံးဝင်ပြီး ကူးစက်ပိုးတွေကို တွန်းလှန်နိုင်စွမ်း ရှိသွားပါတယ်။
နေ့ကလေးထိန်းကျောင်း ပို့ပြီးမှ ကလေးက မကြာခဏ ပိုးဝင်လာပါတယ်။ ဘာကြောင့်ပါလဲ၊
နေ့ကလေးထိန်းကျောင်းတွေကို ပို့ထားတာကြောင့် ကလေးတွေမှာ ကူးစက်ပိုး ဝင်လွယ်တတ်ပါတယ်။ နေ့ကလေးထိန်းကျောင်းမှာ ကလေးတွေက တစ်ဦးနဲ့တစ်ဦး ကူးကြတာပါ။ ကလေးတွေက တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ဆော့ကစားကြသလို အရုပ်တွေကိုလည်း အတူတူ ဆော့ကစားကြပါတယ်။ ဒီလိုနေထိုင်တာကြောင့် ကူးစက်ပိုး ပျံ့နှံ့ရတာပါ။ စီးကရက်မီးခိုးနဲ့ ထိတွေ့မှုကြောင့် ကလေးငယ်တွေမှာ နှာရည်ယိုတာနဲ့ ချောင်းဆိုးတာတို့ ဖြစ်တတ်သလို ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေလည်း များပါတယ်။
ကလေးတွေမှာ ထပ်ကာထပ်ကာ ပိုးဝင်မှုမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။
အိမ်ထဲမှာ ဘယ်သူ့ကိုမှ ဆေးလိပ်သောက်ခွင့် မပေးပါနဲ့။ အခန်းထဲမှာ ဆေးလိပ်သောက်ထားရင် ဆေးလိပ်မီးခိုးနံ့က စွဲကျန် နေတတ်ပါတယ်။ နာမကျန်းဖြစ်နေတဲ့ သူအနားမှာ ကလေးကို မထားပါနဲ့။ တကယ်လို့ နေ့ကလေးထိန်းကျောင်းမှာ ဖျားနာနေတဲ့ ကလေးတွေများရင် ကလေးကို ကျောင်းမပို့ပါနဲ့။ ဓာတ်မတည့်မှုနဲ့ ပန်းနာရင်ကျပ်ရောဂါနဲ့ ပတ်သက်ပြီး မျိုးရိုးရှိရင် သင့်ကလေးကို ဆရာဝန်နဲ့ ပုံမှန် ပြပေးပါ။

No comments:

Post a Comment